ဥပုသ်နေ့များနှိုးဆော်ချက်

http://sphotos-a.xx.fbcdn.net/hphotos-prn1/545897_144341149043503_1624030399_n.jpg

Thursday, May 19, 2011

ကဆုန်ညောင်ရေသွန်း ပွဲတော် နှင် စတုဒီတာ ကျွေးမွေးပွဲ အလှူ


၂၀၁၁ ခုနှစ် မေလ ၁၇ ရက် နေ့တွင် သံဃာတော် ၁၁ ပါးတို့အား နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး ကဆုန်ညောင်ရေသွန်း ပွဲတော်နှင့် အတူ သာကူ...ရွှေရင်အေး စတုဒီသာ တိုက်ကျွေးပွဲကို ဗိုလ်တထောင်ရင်ပြင်ပေါ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပ ခဲံ့ကြသည်။


စာရေးသူ တို့ အသင်းဖြစ်သော ဗုဒ္ဓ၀ံသရက္ခိတ အသင်းသား ၊ အသင်းသူ များမှ ဦးစီး၍ ၁၇ ရက် မေလ အင်္ဂါနေ့ တွင် ဗုဒ္ဓ၀ံသရက္ခိတ အသင်း မှ တည်ထားကိုကွယ်ထားသော ဗော်ဓိညောင်ပင်ကြီးတွင် အမွေးနံ့သာတို့ဖြင့် ကဆုန်ညောင်ရေသွန်းလောင်းခဲ့ပြီ...နံနက် ၉ နာရီ မှ စတင်၍ ဘုရားဖူးလာ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်း တို့အား အရုတ် အလပ် အမြတ် မရွေးဘဲ သာကူ အချိုရည်ကိုတိုက်ကျွေးခဲ့ပါသည်။


၁၀ နာရီ ၃၀ မိနစ် မိနစ်အချိန်တွင် သံဃာတော် ၁၁ ပါး တို့အား နေ့ဆွမ်းဆက်ကပ်ပူဖော် တရားတော် များနာယူခဲ့ပါသည်။


နေ့လယ် ၁၂ ကျော်တွင် ခဏနားပြီး အသင်းသား အသင်းသူ များမှ ထမင်း စားကြပါသည်။


နေ့လယ် ၁ နာရီ တွင် စတင်၍ ရွှေရင်အေး တိုက်ကျွေးခဲ့ပါသည်။ လာရောက်သုံးဆောင်ကြသူများမှာ အရုတ် အလပ် အမြတ် မရွေး သုံးဆောင်နေကြသည်မှာ ကြက်ပျံမကြ ပြောရလောက်အောင် စည်းကားခဲ့ပါသည်။ကြက်သီးမွေးများထရမလောက်ပင် ပီတိ ကုသိုလ်ဖြစ်ရပါသည်။


စာရေးသူအဘယ်ကြောင့်ပြောရသလည်းဆိုရင် စာရေးသူမှာ ကိုယ်တိုင် ကိုယ်ကျ စား ပန်းကန် လိုက်လံသိမ်းဆည်း ပြီး မုန့်ပွဲများ လိုက်လံ ချပေးရသူဖြစ်သောကြောင့် ရဲရဲကြီးပြောရချင် ဖြစ်ပါသည်။


မုန့်လက်ဆောင်ရွှေရင်အေး ပေါင်မုန့်နိဆမ်းများ ကို ညနေ ၆ နာရီအထိတိုက်ကျွေးခဲ့ပြီးမုန့်များကုန်သွားအခါ အသင်းလူကြီး များဖြစ်ကြသော ဦးတင်အေး ကိုညီထွေးအောင် ကိုမောင်မောင်အေး ကိုစိုးဦး တို့မှ ကုသိုလ်ပီတိပွားလျှက် ထပ်မံ၍ သာကူအချိုရည်များ ကို ဆက်လက်တိုက်ကျွေးခဲ့ပါသည်။လာရောက်စားသောက်သူများမှာ ကုန်သွားသည်မရှိဖြစ်ရပါသည်။သည်လိုကုသိုလ်မျိုးတွေ့ဖို့ရာ ခက်ခဲပေလိမ့်မည်။


အသင်းလူကြီးတစ်ဦးဖြစ်သော ကိုမျိုးမင်း ( ဓမ္မခေါင်းလောင်း ) မှ ဘုရားပုံတော် များကို ဓမ္မဒါန အဖြစ် ပူဇော်ခဲ့ပါသည်။


သာကူအချိုရည်များကို ည ၈ နာရီ အထိ လှူဒါန်းခဲ့ပါသည်။


ညောင်ရေသွန်းလောင်းပွဲ ကို ည ၈ နာရီ ခွဲ တွင် ပြီးစီးခဲ့ပါသည်။


စာရေးသူတို့ မှာလည်း ပစ္စည်းသိမ်း ရပါသေသည်။ ည ၁၀ ခွဲ မှ ဘုရားမှပြန်ခဲ့၇ပါသည်။

Monday, May 16, 2011

ဒုလ္လရဟန်းဝတ်လျှင် အထူးဆင်ခြင်

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ်ရက်တို့၌ ဒုလ္လဘရဟန်း ၀တ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့်ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်း အဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။

ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်းကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘ၀အဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့် ၀ိနည်းတော် (စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမ၀တ်ခင် ကြိုတင်သိထားသင့်၏။ ထို့ကြောင့် ဤဓမ္မ ဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန် အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအ၀တ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာ ဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ် တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာ ရောက်ရှိနိုင်သောကြောင့်ဖြစ်၏။

လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ၀တ္ထုငွေ တို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာ ဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်း အထိပါမလာအောင် ထားနိုင်ခဲ့ရပါမည်။ လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာတင့် တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခ၀ါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။

စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဉ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။ ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။” (ဣသ္မိံ ကာယေ- ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။)

“ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။” ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။ ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသော ပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီဖြည့်ကျင့်ခဲ့သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။

ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။ မေးပုံနှင့် ဖြေကြားပုံတို့မှာ-

(၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရော
တေ- သင်ပဉ္စင်းလောင်းအား၊ ဧ၀ရူပါ- ဤသို့သဘောရှိကုန်သော-
(ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊
ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊
ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊
သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊
အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း)
သန္တိနုခေါ- ရှိကုန်သလော။
(သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?)

(နတ္ထိ ဘန္တေ- မရှိပါဘုရား)


(၂) မနုဿာ အတ္ထ
မနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?)

(အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)


(၃) ပုရိသာ အတ္ထ
ပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောက်ျားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသလား?)

(အာမဘန္တေ- ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)



(၄) ဘုဇိသာ အတ္ထ
ဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?)

(အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား)


(၅) အဏဏ အတ္ထ
အဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်သည် သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေှးငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?)

(အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား)


(၆) နတ္ထ ရာဇာဘဋာ
ရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။
(သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?)

(အာမဘန္တေ- မင်းခစားဘ၀မှ လွတ်မြောက်ပါသည်ဘုရား။)

မှတ်ချက်။ အရပ်သားအစိုးရ၀န်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်း များဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။

(၇) အနုညာတာ အတ္ထ မာတာပိတူဟိ
နာဂ- မဂ်ဖိုလ်နီးကြောင်း ပဉ္စင်းလောင်း၊ တေ- သင်ပဉ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?)

(အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား)


(၈) ပရိပုဏ္ဏ၀ီသတိဝဿာ အတ္ထ
ပရိပုဏ္ဏ၀ီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?)

(အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား)


(၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံ
တေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။

(အာမဘန္တေ- ပြည့်စုံပါပြီဘုရား)


(၁၀) ကိံနာမာ အတ္ထ
ကိန္နာမောသိ- ဟူသော ပါဌ်ဖြင့် မိမိ၏အမည်ကို မေးလျှင်-

[အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)]

(တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား)

ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်-

[ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော- ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား)


ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။ ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံ အတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့် အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစ ကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။
ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများကို သင်ပေးပါလိမ့်မည်။ သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသောကြောင့် သေချာကျန သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။ သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါးရှိထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌ “ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင် ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ် သောရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ၀မ်းမြောက်ပီတိ ဖြစ်နေရပါမည်။
ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။ ဆရာတော်များ၏ ကမ္မ၀ါစာ ရွတ်ဆိုတော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသော ပါဠိအဓိပ္ပါယ်တို့ကို နားမလည်သော်လည်း ဘုရားရှင်ဆုံးမထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကို ရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိကပိုကောင်း၏။ ကမ္မ၀ါစာရွတ်ဆို ကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မ၀ါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ် လျှင် သုံးခေါက်ရွတ်ဆိုကြ၏။
သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။ သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေး နေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။ ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင်ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး”စသည့် ရှင်လေးပါးမှဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလိုသောကြောင့်၊ လယ်ယာမြေ ကောင်းဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြသည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။
“ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင်ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃ ရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရ သော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။ ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရ မည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရ သည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။
ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင်ပေသည်။ ဆင်ခြင်ပွါး များရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။ ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ် ထားသင့်၏။

သင်္ကန်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။”
(မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါသတည်း။”)
ကျောင်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။”
(မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။”

ဆွမ်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ၊ နေ၀ ဒ၀ါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဉ္စဝေဒနံ ပဋိဟင်္ခါမိ၊ န၀ဉ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘ၀ိဿတိ၊ အန၀ဇ္ဇာတာ စ ဖာသုဝိဟာရော စ။”
(မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”
ဆေးပစ္စည်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။”
(မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။”

အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ
“ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”

ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါး တို့ဖြစ်ကြ၏။ ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့ မရသောကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။ ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘ၀ မဟုတ်တော့ပေ။ ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ပါရာဇိကလေးပါးတို့မှာ-

(၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။)
(၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။)
(၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ (ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။)
(၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြော ခြင်းတို့ဖြစ်ကြ၏။
အခြား သတိထားရမည် အာပတ်များမှာ လိမ်ညာပြောခြင်း၊ အချင်းချင်း ကွဲပြားရန်၊ ချစ်ခင်မှု ပျက်ပြားရန်ပြောဆိုမိခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်တို့၌ မာတုဂါမ (အမျိုးသမီး) ရှိနေလျက်အိပ်ခြင်း (မှတ်ချက်။ ဒုလ္လဘ၀တ်ပြီး အိမ်ပြန်အိပ်တတ်ကြရာ မိမိ၏ အမိ၊ အစ်မ၊ ညီမကအစ မာတုဂါမရှိတဲ့ အိမ်၊ ကျောင်းတို့၌ မအိပ်ကောင်း)၊ မြေကြီးကိုတူးဆွ ခြင်း၊ မြက်ခုတ်၊ ပေါင်းရှင်း၊ မြေတူး၊ မြေဖို့ပြုလုပ်ခြင်း၊ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ပြစ်မှုကျူး လွန်သောကြောင့် စစ်ဆေးမေးမြန်သည့်အခါ အလွဲအချော် မတော်တာပြောခြင်း၊ မဖြေဘဲနေ ခြင်း၊ သံဃိက (အများပိုင်) ပစ္စည်းများကို မသိမ်းဆည်းခြင်း၊ မပန်ကြားဘဲ တခြားနေရာသို့ သွားခြင်း၊ ပိုးရှိသောရေကိုသောက်သုံးမိခြင်း၊ နေ့လွဲညစာစားခြင်း၊ အကပ်မခံဘဲ သုံးဆောင်ခြင်း၊ အချင်းချင်း ကလိထိုးကစားခြင်း၊ မာတုဂါမနှင့် တိုင်ပင်ပြီး တစ်ခရီးတည်း အတူသွားခြင်း၊ ဆရာသမား၊ ကျောင်းရှိ ထင်ရှားသည့်ရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မွန်းလွဲပိုင်း၊ ညပိုင်း တို့မှာ ရွာထဲ၊ မြို့ထဲသွားခြင်း စသည်တို့ကို ကျူးလွန်မိလျှင် ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် သတိထားဆင် ခြင်သင့်လှပေသည်။
ရဟန်းတော်တို့၏ အာပတ်သင့်ခြင်းအကြောင်းခြောက်ပါးဖြစ်သည့် (၁) အလဇ္ဇိတာ- အရှက် မရှိခြင်း၊ (၂) အညာဏတာ- သိက္ခာပုဒ်ကိုမသိခြင်း၊ (၃) ကုက္ကုစ္စပကတတာ- ယုံမှားသံသယ ရှိခြင်း၊ (၄) အကပ္ပိယေ ကပ္ပိယသညိတာ- မအပ်သည်ကို အပ်သည်ဟုအမှတ်ရှိခြင်း၊ (၅) ကပ္ပိ ယေ အကပ္ပိယသညိတာ- အပ်သည်ကို မအပ်ဟု အမှတ်ရှိခြင်း၊ (၆) သတိသမ္မောသတာ- သတိတွေဝေခြင်း စသည်တို့ကြောင့် တစ်နည်းနည်းဖြင့် အာပတ်များ ကျူးလွန်မိတတ်ကြပေ သည်။ ယခုခေတ်ဆိုလျှင် ရဟန်းတော်များ ခရီးသွားရာ၌ ခရီးစရိတ်အဖြစ် ငွေသားများကို ကိုင်ကြရပေသည်။ ရဟန်းတော်များအနေဖြင့် တချို့အာပတ်များကို အာပတ်သင့်မှန်းသိထား သော်လည်း မဖြစ်သာသော အခြေအနေ များကြောင့် ကျူးလွန်ချင်သောစိတ်မရှိဘဲ ကျူးလွန် နေမိခြင်းဖြစ်ကြ၏။ ထိုသို့ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော် သောသီလတော်မြတ်များကို သတိထားကာ စောင့်ရှောက်ကြပါသော်လည်း ဖော်ပြပါအကြောင်းခြောက်ပါးထဲမှ တစ်ပါးပါး ဖြင့် ကျူးလွန်မိတတ်ကြသောကြောင့် ပါရာဇိကအာပတ်လေးပါးမှတစ်ပါး အခြား အာပတ်များကို ဖြေရန်နည်းလမ်းများဖြင့် အာပတ်ဖြေကြရသည်၊ ဒေသနာကြားကြရပေသည်။



ဒုလ္လဘရဟန်းဝတ်ကြသော အမျိုသားကောင်းတို့အနေဖြင့်လည်း မြတ်သောကုသိုလ်ကောင်းမှု တို့ကို ဖြည့်ဆည်းကြရာ တွင် အနည်းငယ်သောပြစ်မှုများကို တစ်ရက်တစ်ရက် ကျူးလွန် မိတတ်ကြရာ သိမ်အတွင်း သံဃာတော်များ ဘုရားဝတ် တက်ချိန်တို့၌ ဒေသနာကြား (အာပတ် ဖြေ)တတ်ရမည်။ ထို့ကြောင့် ဒေသနာကြားပုံကို အရကျက်မှတ်ရန်လိုအပ်ပါသည်။

သီတင်းငယ်က သီတင်းကြီးထံ ပြောကြားပုံ
ငယ်။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(အရှင်ဘုရား၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါသည်ဘုရား)
ကြီး။ သာဓု အာဟုသော သာဓု သာဓု။
(ကောင်းပေစွငါ့ရှင်၊ ကောင်းပါပေစွ)
ငယ်။ အဟံ ဘန္တေ သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(အရှင်ဘုရား၊ အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို အရှင်ဘုရားထံ၌ ပြောကြားပါသည်ဘုရား)
ကြီး။ ပဿသိ အာဝုသော တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှု၏လော ငါ့ရှင်)
ငယ်။ အာမ ဘန္တေ ပဿာမိ။
(မှန်ပါ၊ ရှုပါသည်ဘုရား)
ကြီး။ အာယတိံ အာဝုသော သံဝရေယျာသိ။
(နောင်အခါ [အာပါမသင့်အောင်] စောင့်စည်းပါငါ့ရှင်)
ငယ်။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
(ကောင်းပါပြီအရှင်ဘုရား၊ နောင်အခါ ကောင်းစွာစောင့်စည်းပါမည် အရှင်ဘုရား)
ကြီး။ သာဓု အာဝုသော သာဓု သာဓု။
(ကောင်းပေစွ ငါ့ရှင်၊ ကောင်းပါပေစွ)

သီတင်းကြီးက သီတင်းငယ်ထံ ပြောကြားပုံ
ကြီး။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(ငါ့ရှင်၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါ၏)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)
ကြီး။ အဟံ အာဝုသော သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(ငါ့ရှင်၊ ငါသည် အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို ငါ့ရှင်ထံ၌ ပြောကြားပါသည်)
ငယ်။ ပဿထ ဘန္တေ တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှုပါ၏လော အရှင်ဘုရား)
ကြီး။ အာမ အာဝုသော ပဿာမိ။
(ရှုပါသည် ငါ့ရှင်)
ငယ်။ အာယတိံ ဘန္တေ သံဝရေယျာထ။
(နောင်အခါ [အာပတ်မသင့်အောင်] စောင့်စည်းပါ အရှင်ဘုရား)
ကြီး။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
(ကောင်းပါပြီငါ့ရှင်၊ နောင်ခါမှာ ကောင်းစွာစောင့်စည်းပါမည်)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)

ပါဠိလို အရကျက်ထားသင့်ပါသည်။ မြန်မာလို ဒေသနာကြားကလည်း ရပါသည်။

သို့သော် ကျောင်းရှိသံဃာတော်များအနေဖြင့် ပါဠိလိုသာ ဒေသနာကြားလေ့ရှိကြသဖြင့် အနက်သိထား ပြီး ပါဠိလိုဒေသနာကြားနိုင်ရန် ဒုလ္လဘရဟန်းမ၀တ်ခင် အရကျက်ထားသင့်၏။ အာပတ်ဖြေကြားပြီးမှ တရားအားထုတ်လျှင် ပို၍ သင့်တော်ကောင်းမွန်သည်။ အာပတ်သင့်ထားသော ရဟန်းတော်တစ်ပါးအနေဖြင့် သင့်ထားပြီးသောအာပတ်ရှိ လျက်နှင့် တရားအားထုတ်က မည်မျှပင် ကြိုးစားအားထုတ်ပါသော် တရားမရနိုင်ပေ။ ထို့ကြောင့် တရားအားထုတ်ခါနီးတိုင်း သံသယကင်းစင်ပြီး စိတ်ကြည်လင်ကာ သမာဓိတရား လျင်စွာဖြစ်နိုင်ရန်အတွက် အာပတ်ဖြေ ကြားပြီးမှ တရားအား ထုတ်ပါလေ။
ဒုလ္လဘ၀တ်စဉ်အချိန်ကာလ ရက်ပိုင်းလေးမှာ ရဟန်းတော်စိတ်ဖြင့် အမြဲနေသင့်၏။ ရပ် အကြောင်း၊ ရွာအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်းများ မပြောမိစေရန် အထူးပင် သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူဝတ်ဘ၀ဖြင့်နေစဉ်က အချင်းချင်းတွေ့ လိုက်သည်နှင့် စကားစမြီများ လက်စုံကျကာ ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာရာ ပြောတတ်ကြသည့်အကျင့်ဆိုးများ ပါလာတတ်ကြရာ အချင်းချင်းတွေ့လိုက်သည်နှင့် ရဟန်းစိတ် ပျောက် လူစိတ်ရောက်ကာ ပြောမိတတ်ကြ၏။ လူ့ဘ၀တုန်းက စကားပြောရင်း ပုဆိုးကို ပေါင်အထိ မြှောက်တတ်သည့် အကျင့်များလည်းရှိခဲ့ကြရာ သင်္ကန်းကိုလည်း ပုဆိုးအမှတ်ဖြင့် ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် အထူးပင်ဆင်ခြင်သင့် လှ၏။ သင်္ကန်းကို အဟရတ္တဓဇ- အဟတ္တဖိုလ်၏အောင်လံဟု ခေါ်ဆိုသောကြောင့် အထူးပင် အလေးအနက် ထားသင့်ပေ သည်။ နေကထိုင်မပါဘဲ ကြမ်းပြင်မှာထိုင်ခြင်းမျိုးလည်း မပြုလုပ်ရပေ။

လူ့ဝတ်တုန်းက ညထမင်းကို ဖွယ်ဖွယ်ရာရာချက်၍ အဓိကထား စားကြသည်ဖြစ်ရာ ဒုလ္လဘ ၀တ်စဉ်၌ ညအချိန် ဗိုက်ဆာသဖြင့် ချဉ်းသုတ်လေးစားချင်၊ ပေါင်မုန့်လေးဝါးချင်၊ ကော်ဖီလေး သောက်ချင်ဖြစ်လာကာ မနေနိုင်မထိုင်နိုင်ဖြစ် လာတတ်ကြ၏။ စာရေးသူ ဆရာတော်ဦးဇ၀န ၏ မှော်ဘီမြို့နယ်ရှိ သုဒ္ဓ၀ိပဿနာကျောင်းတွင် ဒုလ္လဘ၀တ်ခဲ့စဉ်က တွေ့ခဲ့ ရသည့် ဒုလ္လဘရဟန်းတစ်ပါးကြီးဆိုလျှင် “ဗိုက်ဆာလို့လည်း ဘေးနားမှာ ၀ယ်စားစရာ ဆိုင်မရှိ၊ လူသူနဲ့လည်း ဝေးလှလိုက်တာ၊ တခြားကျောင်းပြောင်းချင်တယ်”ဟူ၍ အတူလာခဲ့ကြသော မိတ်ဆွေ ဒုလ္လဘ များထံ လာရောက်ညည်း ညူရှာလေ၏။ မိတ်ဆွေရဟန်းများက ဖျောင်းဖျောင်းဖျဖျ ပြောဆို ပေးပြီး နှစ်သိမ့်ရရှာလေသည်။

ကျောင်းသို့ တရားစာအုပ်များယူဆောင်လာသင့်၏။ စိတ်များတည်ငြိမ်မှုဖြစ်စေရန် တရား စာအုပ်များကို ဖတ်နေသင့်သည်။ မိမိမေးလိုသော တရားနဲ့ပတ်သက်သည့် မေးခွန်းများကို လည်း ကျောင်းရှိသံဃာတော်များထံ မေးလျှောက်သင့်၏။ မိမိအား ဆုံးမစကားများ ဟောကြား ပါကလည်း အလေးအနက်ထား နာကြားရမည်။ ရဟန်းတော်တို့စည်းကမ်း၌ အသက်ကြီးခြင်း၊ ခေတ်ပညာတတ်မြောက်ခြင်းတို့နှင့် အထက်အောက် သတ်မှတ်သည်မဟုတ်ပေ။ သိက္ခာတော် အကြီးအငယ်အလိုက် နေရာထိုင်ခင်း ထိုင်တာကအစ ၀ါစဉ်အလိုက်ထိုင်ကြရ၏။ အချင်းချင်း စကားပြောရာတွင်လည်း “တင့်ပါ့ဘုရား၊ အရှင်ဘုရား”စသည်ဖြင့် ပြုမှုနေထိုင်ကြပြီး အရိယာ သင်္ကန်းဆင်မြန်းထားကြသူများပီပီ ယဉ်ကျေးသိမ် မွေ့လှ၏။ တစ်ဦးနှင့်တစ်ဦး အလေးအနက် ထားကြ၏။ ဘုရားသားတော်များ ပီသကြသူများဖြစ်ကြ၏။

ရဟန်းတော်၏သိက္ခာတော်များကို ချရန်အတွက်လည်း သိထားရမည့်အချက်များရှိပါသည်။ ပထမရဟန်းဘ၀မှ ကိုရင်ဘ၀ သို့တစ်ဆင့်၊ ပြီးမှ လူ့ဘောင်သို့ ချရ၏။ သိက္ခာတော်များ ချပေးစဉ်တွင် အသိသက်သေ သံဃာတော်တစ်ပါးနှင့် သိက္ခာ တော်များချပေးသည့် သံဃာတော် တစ်ပါး အနည်းဆုံး နှစ်ပါးရှိရပါမည်။ သိက္ခာချပြီးမှ လူ့ဝတ်လဲရမည်ဖြစ်ပါသည်။ လွန်စွာ အရေးကြီးသောအချက်ဖြစ်၏။ မိမိအနေဖြင့် အလောတကြီး အိမ်ပြန်ချင်လွန်းသောကြောင့် “လူဝတ်လဲတာ ဘာကြာတာ မှတ်လို့” ဆိုပြီး ကိုယ့်ဘာသာ သင်္ကန်းချွတ်၊ အ၀တ်လဲ အိမ်ပြန်ပါက ရဟန်းသိက္ခာတော်များက ကျမသွားခြင်းကြောင့် လူ့ဘောင်တွင်နေစဉ် လူအ၀တ်အစားများဖြင့် ပါရာဇိကအာပတ်များသင့်ကာ လက်ရှိဘ၀၌ မဂ်ဖိုလ်လည်းဆုံးရှုံး၊ နောင်သံ သရာတွင်လည်း ဆင်းရဲဒုက္ခ ပင်လယ်ဝေရမည့်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ကြောင့် ရဟန်း သိက္ခာတော်များ ကို စနစ်တကျချပြီးမှ လူ့ဝတ်လဲ၊ ငါးပါးသီလခံယူဆောက်တည်ကာ ရဟန်း ၀တ်ခဲ့စဉ်က အသိတရားများကို အစဉ်အမြဲသိ ရှိနားလည်ကာ နိဗ္ဗာန်မရောက်မချင်း နိဗ္ဗာန်သို့သွား အားလုံးသောသံသရာ့ခရီးသွားတို့သည် ဆက်လက်သွားရန် ကျန်သေးသည် ဟူသောအသိဖြင့် ခရီးနှင်ကြရပေဦးမည်။

ဤမျှဖြင့် ဒုလ္လဘရဟန်းခံရန် ရည်သန်ထားကြသူများအတွက် ပြင်ဆင်ရန်အချက်များ အတော် အသင့် ပြည့်စုံလောက်ပြီဟု ယူဆမိပါသည်။ လိုတာများလည်း ရှိပါဦးမည်။ လိုအပ်သည်များ ကိုလည်း ဖြည့်စွက်ပြင်ဆင်ထားကြပြီး သာသနာ တော်တွင်းကာလမှာသာ ဖြည့်ကျင့်တော်မူ နိုင်သည့် ပါရမီကုသိုလ်ထူးများကို စနစ်ကျမှန်ကန်စွာ ဖြည့်ကျင့်နိုင်ကြပါစေ ကုန်သတည်း။



ဓမ္မမိတ်ဆွေအားလုံး၊ သတ္တ၀ါအနန္တအားလုံး ဘေးရန်ကြောင့်ကြ၊ ဆင်းရဲကင်းပြီး၊ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကာ အစွဲမကျန် ပြည်နိဗ္ဗာန်သို့ အရောက်ချီနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)



ထွန်းထွန်းလှိုင်

ဓုတင်ဆရာတော် - လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်

တစ်နေ့သ၌ စာရေးသူသည် နောင်တော်ကြီး ဓုတင်ဆရာတော်ထံ သွားရောက်ဖူးမြင်ခဲ့ရာ မေတ္တာဂရုဏာတရား ကြီးမားလှသော နောင်တော်မထေရ်မြတ်မှ လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်ကို ဤသို့ မိန့်ကြားတော်မူခဲ့ပါသည် ။
"အလိမ္မာကြီး -သန္တကာယော , သန္တ၀ါစော , သန္တမနော - တဲ့ " ကိုယ်ကိုအေးအောင်ထား ၊ နှုတ်ကိုအေးအောင်ထား ၊ စိတ်ကိုအေးအောင်ထား ။ အလုပ်မလောနဲ့ ၊ အပြောမလောနဲ့ ၊ စိတ်မမြန်နဲ့ ၊ ကိုယ်နှုတ်စိတ် သိမ်မွေ့ပါစေ ။ မျက်စိနဲ့စူးစမ်း ၊ နားနဲ့စနည်းနာ ၊ စိတ်နဲ့ဆင်ခြင်ပြီး အရာရာကို သတိရှိပါ ။ ဘာလုပ်လုပ် သုံးသပ်ချက်မှန်မှ ဆုံးဖြတ်ချက်မှန်မယ် ။ ဒါကြောင့် ဆင်ခြင်တုံတရား ရှိပါ ။ စကားပြောလောမကြီးနဲ့ ၊ ငါ့စကားနွားရမလုပ်လေနဲ့ ၊ ဒဏ်သင့်တတ်တယ် ။ စကားပြောမယ်ဆိုရင် ပြောထုံး ၊ လုပ်ထုံး ဆယ်လုံးနှစ်လုံးစီသုံးပါ ။ မြဲမြဲမှတ်သားထား ။ ဖန် ၊ မြေ ၊ ကြွေ ၊ ကော် ၊ ကျောက် ၊ ဘုန်းမတောက် ၊ သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ၊ ဘုန်းမကြီးတဲ့ ။

ဖန် - ဆိုတာက ဖန်တီးလုပ်ကြံပြီး ပြောတဲ့စကားမျိုး ၊
မြေ - ဆိုတာက မြေခံရလောက်အောင် ကျိန်တွယ်ပြောတဲ့ စကားမျိုး ၊
ကြွေ - ဆိုတာက အထိမခံ ကြွေပန်းကန်ဆိုသလို ဆက်ဆက်ထိမခံ နှုတ်ခမ်းတလန် ပန်းတလန်စကားမျိုး ၊
ကော် - ဆိုတာက ကော်ကပ်ပြီး ငါ့စကားနွားရပြောတဲ့စကားမျိုး ၊
ကျောက် - ဆိုတာက ကြောက်ကန်ကန်ပြီး နှုတ်လှန်ထိုးပြောစကားမျိုးတွေကို မပြောမိစေနဲ့ ။ ဘယ်တော့မှ ဘုန်းမကြီး ကံမကောင်းဘူး ။

နောက် သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ဆိုတာက -
သံ - ဆိုတာ တစ်ယူသန် ၊ တဇောက်ကန်း ၊ ကပ်တီးကပ်ဖဲ့ပြောတာမျိုး ၊
သွပ် - ဆိုတာက ပေါ့သွပ်သွပ် ရူးနှမ်းနှမ်း ပေါက်ပန်းလေးဆယ်ပြောတဲ့စကားမျိုး ၊
ဒါန် - ဆိုတာက မောက်မောက်မာမာ ခက်ခက်ထန်ထန် ရိုင်းရိုင်းပျပျနဲ့ ဒဏ်သင့်လောက်တဲ့စကားမျိုး ၊
ခဲ - ဆိုတာက စောင်မဲနရွဲ အံခဲပြီး မထီမဲ့မြင်ပြောတဲ့စကားမျိုး ၊
ကြီး - ဆိုတာက ဘ၀င်မြင့် မာန်မာနထောင်လွှားပြီး လေကြီးမိုးကြီးပြောတဲ့စကားမျိုးတွေကို ရှောင်ကြရမယ် ။

မှတ်သား လိုက်နာ ဆောင်ထားရမှာက ဘော်သာခွာ ငွေဆင်ဖြူစင် အဖိုးမှန် သိင်္ဂီနိက်ရွှေစင်သန့်စင် အဖိုးတန်သတဲ့ ။ အပြစ်အနာအဆာ အညစ်အကြေးကင်းတဲ့ ဘော်သာခွာ ငွေစင်ဟာ အဖိုးမှန် တန်ဖိုးရှိသလို သန့်စင်တဲ့ သိင်္ဂီနိက်ရွှေစင်ဟာလည်း အဖိုးထိုက်တန်တယ် ။ ဒါကြောင့် ကောင်းမြတ်မှန်ကန်တဲ့စကားမျိုး ၊ သန့်စင် ဟုတ်မှန် အကျိုးဖြစ်စေတဲ့စကားမျိုးပြော ။ စကားပြောတဲ့အခါ ချိုချိုသာသာပြော ၊ လေးလေးနက်နက်ပြော ၊ မှန်မှန်ကန်ကန်ပြော ။ ဒါမှ အဖိုးတန်မယ် အလိမ္မာကြီးရေ ။
ပြီးတော့ စကားကြောမရှည်နဲ့ ၊ စကားနိုင်မလုနဲ့ ၊ အငြင်းမသန်နဲ့ ။ အငြင်းပွားလွန်းရင် အမှန်တရားကွယ်တတ်တယ် ။ လူချင်းအလဲမခံရစေနဲ့ ၊ ဘ၀ချင်းအလဲမခံရစေနဲ့ ၊ ဒုက္ခချင်းအလဲမခံရစေနဲ့ ။ မာနက လူချင်းလဲတယ် ၊ တဏှာက ဘ၀ချင်းလဲတယ် ၊ ဒိဋ္ဌိက ဒုက္ခချင်းလဲတယ် ၊ ကြပ်ကြပ်သတိထား ။ ဒီတော့ သိ , ရဲ , ပြေ တည်ထောင်ကြရမယ် ။

သိ - ဆိုတာ အကြောင်းအကျိုး ၊ အကောင်း အဆိုးကို နှိုင်းချိန်သိရှိရမယ် ။
ရဲ - ဆိုတာက မှန်ကန်အကျိုးရှိတဲ့စကားမျိုးကို ရဲရဲဝံ့ဝံ့ ပြောဆိုရမယ် ။
ပြေ - ဆိုတာက ပြေပြေပြစ်ပြစ် ချိုချိုသာသာ သူတစ်ပါး နားဝင်အောင် ပြောဆိုရမယ် ။

ပြီးတော့ ဘုရားရှင်အလိုတော်ကျ ယထ၀ါဒီတထကာရီ ပြောတဲ့အတိုင်းလုပ် ၊ လုပ်တဲ့အတိုင်းပြော ၊ မကြွားနဲ့ ။ ဌာနာဌာနကောသလ္လ္ကဉာဏ်ရှိရမယ် ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ပြောတတ် နေတတ်ရမယ် ။ ထေ့ , ငေါက် , ထောက် , ကပ် ပြီးမပြောရဘူး ။ အငြင်းအခုန်များရင် အမှန်တရားနဲ့ကွာပြီး ချော်သွားတက်တယ် ။ အမှားကြာရင်လည်း အမှန်ထင်သွားတတ်တယ် ။- လောက၀စနံ သစ္စံ နသစ္စံ -တဲ့ ။ လောကစကားဟာ မှန်တာလည်းရှိတယ် ၊ မှားတာလည်းရှိတယ် ။ ဆင်ခြင်သုံးသပ်ပြီးမှပြော ။ အကျိုးမရှိတဲ့ စကားကို ပြောတာထက် ဆိတ်ဆိတ်နေတာကောင်းတယ် ။ လုပြောတာ ၊ လောကြီးပြောတာ ၊အစွန်းမလွတ်မျိုး မပြောရဘူး ။ ဒိပြင် -

လောကညူ - လောကအကြောင်းသိရမယ် ။
ခေတ္တညူ - ခေတ်ကာလအကြောင်းသိရမယ် ။
ဒေသညူ - နေရာဒေသအကြောင်းသိရမယ် ။
ကာလညူ - အချိန်အခါကိုသိရမယ် ။
ဌာနညူ - နေရာဌာနအကြောင်းသိရမယ် ။
ဓမ္မညူ - တရားနည်းလမ်းကျသိရမယ် ။
ပုဂ္ဂလညူ - ပုဂ္ဂိုလ်အကြောင်းသိရမယ် ။

ဒါကို ထပ်မှတ်လိုက်ဦး ။ ဇမ္ဗူဒိပ်ကျွန်းမှာ ပြောဆိုကြတဲ့စကား ( ၆ ) ခွန်းမှာ အမာဝသိ လကွယ်သလို အမှောင်ဖုံးတဲ့ စကားမျိုးကို မပြောမိစေဘဲ ပုဏ္ဏမစန္ဒရ လပြည့်သဖွယ် ပြည့်ဖြိုးတင့်တယ်တဲ့ စကားမျိုး ပြောဆိုရမယ် ။ မဟုတ်မမှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ မဟုတ် မမှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး အဲဒီလေးမျိုးကို ရှောင်ကြဉ်ပြီး - ဟုတ်မှန်အကျိုးရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန်အကျိုးရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဒီ ( ၂ ) မျိုးကိုပြောရမယ် ။

ပြီးတော့ တစ်ဦးနဲ့တစ်ဦး မသင့်မြတ်တဲ့အကြောင်းကို မပြောနဲ့ ။ ကိုယ်ပါအကုသိုလ် ကူးစက်တတ်တယ် ။ သူတစ်ပါး ဒုက္ခရောက်နေတာကို ကိုယ်နဲ့မသင့်တင့်သူလို့ ၀မ်းမသာနဲ့ ။ မကြာမှီ မိမိကိုယ်တိုင် ဒုက္ခတွေ့ရတတ်တယ် ။ သီလ , သမာဓိ , ပညာ ရှိသူတို့ရဲ့ ဂုဏ်ကျေးဇူးကို ဟုတ်မှန်အတိုင်း ပြောဆိုပါက မိမိဂုဏ်အလိုလိုပြည့်လာတတ်တယ် ။ ကတိတည်ပါ ၊ ပြတ်သားပါ ၊ မူမှန်ပါ ။ မူပျက်လျှင် လူပျက်တတ်တယ် ။ မူကောင်းလျှင် လူကောင်းတယ် ။ ဒေါသဟာ ဂုဏ်ပျက်တယ် ၊ ခန္တီဟာ ဂုဏ်တက်တယ် ။ သည်းခံခြင်းတရားနဲ့ ကိုယ်ချင်းစာစိတ်ထား ။

ပြီးတော့ ဒေါသ , မာန်မာန ထောင်လွှားပြီး လှူခြင်း ၊ ဂုဏ်တုဂုဏ်ပြိုင် မလုပ်လေနဲ့ ။ မပြိုင်ထိုက်တဲ့ ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်နဲ့ ပြိုင်မိရင် ဘ၀နေ၀င်တတ်တယ် ။ ကိုယ်နဲ့ တန်းတူချင်း ပြိုင်မိရင်လည်း ဥသျှစ်သီးနှစ်လုံးဆိုင်ထုသလို ကြေမွသွားတတ်တယ် ။ ကိုယ့်ထက်နိမ့်တဲ့ ပုဂ္ဂိုလ်နဲ့ပြိုင်မိရင်လည်း လူကို ခွေးသတ်သလို ခံစားရတတ်တယ် ။ သူများအပြစ်ကိုမရှုနဲ့ ။ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်လုပ် ။ သူ့အပြစ်ကိုရှုခြင်းမှာ မျက်စိမရှိသလို ကျင့်ရမယ် ။ သူ့အပြစ်ကိုဆိုခြင်းမှာ လျှာမရှိသလို ကျင့်ရမယ် ။ သူ့ကိုပြစ်မှားခြင်းမှာ စိတ်မရှိသလို ကျင့်ရမယ် ။ အလိမ္မာကြီးရေ ကိုယ် , နှုတ် , စိတ် ကိုသတိအမြဲထားပါ ။ ကြမ်းတမ်းတဲ့ကိုယ်အမူအရာဟာ ကြမ်းတမ်းတဲ့နေရာကို ရမယ် ။ ကြမ်းတမ်းတဲ့နှုတ်အမူအရာဟာ ကြမ်းတမ်းတဲ့ အသံကို ကြားရမယ် ။ ကြမ်းတမ်းတဲ့စိတ်မိုက်ဟာ ကြမ်းတမ်းတဲ့တရားကို တွေ့ရမယ် ။ ကြမ်းတမ်းတဲ့တရားဆိုတာက ဘ၀ပျက်မယ် ၊ မီးလောင်ပြာကျသလို လောင်ကျွမ်းခံရမယ် ။ အစိတ်စိတ်အမြွာမြွာဆုံးရှုံးမယ် ။ ကံဆိုးမိုးမှောင်ကျမယ် ။ ဒါကြောင့် ကိုယ် , နှုတ်မကြမ်းနဲ့ ။ သိမ်မွေ့တဲ့ ကိုယ်အမူအရာဟာ သိမ်မွေ့တဲ့နေရာကိုရမယ် ။ သိမ်မွေ့တဲ့နှုတ်အမူအရာဟာ သိမ်မွေ့တဲ့အသံကို ကြားရမယ် ။ သိမ်မွေ့တဲ့ စိတ်ကောင်းစိတ်မြတ်က သိမ်မွေ့တဲ့တရားကို တွေ့ရတယ် ။ ဒါကြောင့် သိမ်မွေ့ပါစေ ။

ဒါကြောင့် အချုပ်သြ၀ါဒဆိုရရင် အချောင်လိုက်တာ ၊ အခွင့်အရေးယူတာ ၊ မသင့်မတင့်နှလုံးသွင်းတာတွေဟာ အကုသိုလ်ဖြစ်ဖို့နီးလို့ သတိထား ရှောင်ကြဉ်ရမယ် ။ အလိမ္မာကြီးရေ -ဒီသြ၀ါဒတွေကို ရိုရိုသေသေ လေးလေးနက်နက် လိုက်နာမှတ်သား ကျင့်ကြံနေထိုင်ပေတော့ ။

ဤကား စာရေသူ၏နောင်တော်ကြီးဖြစ်သော ဓုတင်ဆရာတော်မှ စာရေးသူအား ဆုံးမ သွန်သင်တော်မူခဲ့သော သြ၀ါဒများဖြစ်ပါသည် ။
ထိုသြ၀ါဒတို့ကို စာရေးသူ အလုံးစုံပြည့်စုံအောင် မလိုက်နာနိုင်ငြားသော်လည်းတတ်နိုင်သမျှ သတိထားလိုက်နာမိခြင်းဖြင့်ပင် ကြီးကြီးမားမား ပြဿနာကင်း အမှားရှင်း၍ လူချင်းတူတူ သူချင်းမျှမျှ ဘ၀အခြေလှ၍ လူမူဆက်ဆံရေးနယ်ပယ်၌ ခွသမားဘ၀မှလွတ်မြောက်ကာ ပြေပြစ်သူအဖြစ် ပြောင်းလဲခဲရပါကြောင်း မေတ္တာ ဂရုဏာ ကြီးမားစွာ ဆုံးမသွန်သင် သြ၀ါဒပေးတော်မူခဲ့သော ကျေးဇူးတော်ရှင်နောင်တော်ကြီး ဓုတင်ဆရာတော်၏ သြ၀ါဒတော်တို့ကို ဦးထိပ်ပန်ဆင် ပူဇော် တင်ပြအပ်ပါသည် ။

( သစ္စာဝါဒီ - ဦးမြင့်အောင် )
- မျှဝေပါတယ် ခင်ဗျာ .. ငြိမ်းချမ်းပါစေ ၊

ဝိသာခါ(ကဆုန်လ)ပွဲတော်

ဗုဒ္ဓဘာသာဝင်များရဲ့ ပွဲတော်များအနက် ၀ိသာခါပွဲတော်ဟာ အထွတ်ဆုံး၊ အမြတ်ဆုံးဖြစ်ပါတယ်။ ၀ိသာခါဆိုတာ အိန္ဒိယရဲ့လ၊ တစ်နည်းအားဖြင့် မေလ၊ မြန်မာလိုလအနေဖြင့် ကဆုန်လဖြစ်ပါတယ်။ ကဆုန်လပြည့်နေမှာပဲ မြတ်စွာဘုရားရှင်ဟာ ဖွားမြင်တော်မူ၊ သဗ္ဗညုတရွှေဥာဏ်တော်ရပြီး ဘုရားအဖြစ်ရောက်တော်မူ၊ ပရိနိဗ္ဗာန်စံဝင်တော် မူခဲ့တာဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ကိုယ်ကျိုးမငဲ့၊ အများအကျိုးကို ထမ်းရွက်ခဲ့တဲ့ဘ၀ဟာ အလွန်တရာ မှတ်သားထိုက်ပါတယ်။ ခရစ်တော်မပေါ်မီ (၆၂၃) ၀ိသာခါ(ကဆုန်လ)ရဲ့ လပြည့်နေ့မှာ လုမ္ဗနီအင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ ခမည်းတော်ဖြစ်သူဟာ ကပိလ၀တ်ပြည်ရဲ့ ဘုရင်သုဒ္ဓေါဓနမင်းကြီးဖြစ်ပြီး မယ်တော်ကတော့ မိဖုရားခေါင်ကြီး မယ်တော်မာယာ ဖြစ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူချိန်မှာ အတိတ်ကြီး နိမိတ်ကြီးဖြစ်ပေါ်လာပြီး မျက်မမြင်များ အလင်းရခြင်း၊ နားပင်းသူများ အသံကြားရခြင်း၊ ဆွံ့အသူများ စကားပြောနိုင်ခြင်း၊ ကွေးကောက်သူများ ပြန်ကောင်းခြင်း၊ ခြေမသန်သူများသန်မာစွာလျှောက်လမ်းနိုင်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ဘုရင်ကြီးဟာ ပညာရှိအသိတရသေ့ကြီးကို ဘုရားအလောင်းတော်ရဲ့ လက္ခဏာကိုဖတ်ခိုင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ အသိတ ရသေ့ကြီးဟာ သားတော်ကိုတွေ့မြင်တာနဲ့ တစ်ပြိုင်နက် ဦးစွာရွှင်ကြည်တဲ့နှလုံးနဲ့ ပြုံးပြီးနောက် မချိတဲ့နှလုံးနဲ့ ငိုကြွေးပြန်ပါတယ်။ ထိုသဘောကို ဘုရင်ကြီးက မေးမြန်းသောအခါ ရသေ့ကြီးက နိမိတ်လက္ခဏာတော်တွေအရ သားတော်ဟာ ဧကန်စင်စစ်ဘုရားဖြစ်ပြီး လောကကြီးရဲ့ဝဋ်ဒုက္ခအပေါင်းကို လွတ်မြောက်စေမှာပဲလို့ မြင်ရလို့ ရွှင်ပြတဲ့နှလုံးနှင့်ပြုံးမိခြင်းဖြစ်ကြောင်း၊ သိုပေမယ့် သည်ပျော်ရွင်ကြည်နူးဖွယ် ရာများကို ကြုံဆုံခွင့်မရတော့ပဲ မိမိဘ၀နိဂုံးချုပ်ရမည်အကြောင်းကို ဆင်ခြင်မိတဲ့အတွက် မျက်ရည်ကျငိုကြွေးမိကြောင်းရှင်းပြ လေတယ်။

ရသေ့ကြီးက သားတော်သည် နိမိတ်ကြီးလေးပါးဖြစ်သော သူအို၊ သူနာ၊ သူသေ၊ ရဟန်းကိုမြင်၍ လောကကြီးကို စွန့်ခွာမည်ဖြစ်ကြောင်း ဘုရင်ကြီးအား ပြောကြားပေသည်။ ဘုရင်ကြီးသည် သားတော်အား ဘုရားအဖြစ်သို့ မရောက်စေလို။ လေးကျွန်းလုံးကိုပိုင်သော စကြာမင်းကြီးအဖြစ်ကိုသာ တွေ့မြင်လိုပြီး သားတော်အပါးတွင် နိမိတ်လေးပါး မကပ်နိုင်စေရန် အရပ်လေးမျက်နှာ တစ်မိုင်ခန့်စီအကွာ၌ အစောင့်များချထားလေသည်။ သိုပေမယ့် အသက် (၂၉) နှစ်ရောက်တော်မူသောအခါ အမှန်တရားလင်းရောင်ခြည်ဟာ သမ်းလို့လာပါတယ်။ ဘုရားအလောင်းတော်ဟာ နိမိတ်ကြီးလေးပါးအား တွေ့မြင်ပြီး လူတို့သည် အဘယ်မည်သော အရပ်ကလာ၍ ဘယ်အရေးကြောင့်အသက်ရှင်နေရပြီး။ အဘယ်မည်သော အရပ်ဆီသို့ သွားကြရကုန်သနည်းဆိုတဲ့ မေခွန်းကြီးသုံးရပ်နဲ့ အဖြေကိုရှာဖို့ သူ့ဘ၀ကိုနစ်မြုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လူတို့သည် အဘယ်ကြောင့် အိုကြသနည်းဆိုတဲ့မေးခွန်းကို မေးပေမယ့်ဘယ်သူမှ မဖြေကြားနိုင်ပါဘူး။

နောက်ဆုံး စတုတ္ထမြောက်နိမိတ်ကြီးဖြစ်တဲ့ ရဟန်းတော်ကို တွေ့မြင်ရတဲ့အခါ ရဟန်းတော်ရဲ့ကြည်လင်အေးချမ်းတဲ့ မျက်နှာတော်ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးတို့မှ လွတ်ကင်း စေမည့်သဘောကို ဖွင့်ပြသလို အလောင်းတော်မင်းသား ခံစားလိုက်ရပါတယ်။ ရဟန်းတော်ရဲ့သွင်ပြင်ကြောင့် စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မူဟာ ငြိမ်းချမ်းမူနဲ့ နားလည်မူ(ကိုယ်ချင်းစာမူ) တရားတို့အပေါ်မှာ မူတည်တယ်ဆိုတာ မြင်ယောင်လာပါတော့တယ်။

ဘုရားအလောင်းတော် သက်တော်(၂၉)နှစ်အရွယ်မှာ နန်းစည်းစိမ်၊ ဇနီး၊ သားအပါအ၀င်လောကီစည်းစိမ်အားလုံးကို စွှန့်လွှတ်ပြီး တစ်ဦးတစ်ယောက်တည်း အိန္ဒိယပြည်ရဲ့တောတောင် များအတွင်းမှာ အမှန်တရားကိုရှာဖွေဖို့ထွက်လာ ပါတော့တယ်။ ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယ (၆)နှစ်ပတ်လုံးကျင့်ကြံပြီး ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ပြင်းထန်စွာ ကျင့်ကြံအားထုတ်မူကြောင့် နာကျင်ကိုက်ခဲခြင်းနဲ့ အစာအာဟာရ ချို့တဲ့မူဒဏ်များခံစားရပြီး၊ နောက်ဆုံးစိတ်မကောင်းဖြစ်ရပါတော့တယ်။ ခုလို ဒုက္ကရစရိယာကို ကျင့်ခြင်းအားဖြင့် အကျိုးမပြီးကြောင်း သဘောပေါက်လာပါတော့တယ်။ သည်အခါမှာ အတူပါလာသော တပည့်သာဝကများက အစာ အာဟာရများကို အပြစ်ရှိသူနဲ့မခြား စားနေပါပြီ ဆိုပြီး သူ့အပါးက ရှောင်ခွာသွားကြပါတယ်။

တပည့်သာဝကများက စွန့်ခွာကြ၊ ရှေ့အလားအလာကလည်း မရေရာတဲ့ အခြေအနေမှာရှိနေပါတယ်။ ဘုရားအလောင်းတော်ဟာ အကိုင်းအခက်များဖြန့်ကျက်နေတဲ့ ဗောဓိပင်ရင်းမှာ ငါသည် တရားမတွေ့သမျှ ဤနေရာက မထတော့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထိုင်လိုက်ပါတယ်။ အဲဒီနေ့မှာပဲ ဘုရားအလောင်းတော်ဟာ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ ၀ိသာခါ(ကဆုန်လ)ရဲ့လပြည့်နေ့ သက်တော် (၃၅)နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။

မြတ်စွာဘုရားရှင်ဟာ (၄၅)နှစ်တာကာလပတ်လုံး လှည့်လည်ပြီး သတ္တ၀ါအပေါင်းကို ဆင်းရဲခြင်းလွတ်မြောက်အောင် ဟောပြောခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အလယ်အလတ် လမ်းစဉ်ဖြစ်တဲ့ ဟောကြားချက်များကို ဓမ္မလို့ ခေါ်တွင်စေခဲ့ပါတယ်။ စိတ်အလိုလိုက်ခြင်းနှင့် ကိုယ်ကိုညှဉ်းပန်းခြင်းဆိုတဲ့ အစွန်းနှစ်ပါးကိုရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ဟောကြားခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်နဲ့မခြား ယနေ့တိုင်အောင် ကောင်းမွန်မှန်ကန်လျှက် တည်ရှိနေပါတယ်။ မြတ်စွာဘုရားရှင်ဟာ သက်တော်(၈၀)အရောက် ၀ိသာခါ(ကဆုန်လ)ရဲ့ လပြည့်နေမှာပဲ ပရိနိဗ္ဗာန်စံဝင်တော်မူပါတယ်။

သည်သုံးရက်သော နေ့ထူးနေ့မြတ်ကြီးကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ၀ိသာခါ(ကဆုန်လ)ပွဲတော်ကို ကျင်းပခြင်းဖြစ်ပါတယ်။

လောကရဲ့ဆင်းရဲဒုက္ခအပေါင်းဟာ အသိဥာဏ်ကင်းမဲ့မူကြောင့်ဖြစ်ရတယ်။ အမှန်တရားကို ကိုယ်တိုင်သိမြင်မှလည်း ပညာဥာဏ်ကင်းမဲ့မူကို တိုက်ဖိုက်နိုင်မယ်ဆိုတာ ဗုဒ္ဓ၀ါဒရဲ့အခြေခံ ဖြစ်ပါတယ်။ အကုသိုလ်နှင့်မတရားမူများဟာ ပညာဥာဏ်ကင်းမဲ့မူက ပေါက်ဖွားလာတယ်လို့ ရှင်တော်ဘုရားက အမြဲပဲဆုံးမဟောကြားတော်မူပါတယ်။ အကယ်၍သာ လူသားများအနေနဲ့ အရာရာကို ကြည်လင်စွာမြင်ကြမယ်ဆိုရင် လူတိုင်းအမှန်တရားကို လုပ်မိကြမှာပါ။ ဒါကြောင့်လူတိုင်းကောင်းမွန်ဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားနဲ့ ပြည့်စုံစွာနေနိုင်ကြရအောင်ဆိုရင် အမှန်တရားမြင်ရေးဟာ ချွင်းခြက်မရှိ လိုအပ်ပါတယ်။

လူများဟာ ပညာဥာဏ်မဲ့တဲ့အခါ အကုသိုလ်များနဲ့ လောကရဲ့ ၀မ်းနည်းဖွယ်ရာများကို ကျူးလွန်ခံစားကြရပါတယ်။ ဒါကြောင့် သစ္စာလေးပါးတရားရဲ့ ပထမအချက်ဟာ ခံစားရမူ (ဒုက္ခသစ္စာ)ဖြစ်ပါတယ်။ ခန္ဓာငါးပါး၏ခံစားမူ၊ စံစားမူမှန်သမျှသည် ဒုက္ခသစ္စာမည်ပါတယ်။

လူတို့ဟာ မိမိမရနိုင်တဲ့အရာကို လိုချင်တပ်မက်နေကြတဲ့အဖြစ်တွေ၊ မိမိထမ်းရွက်ရမဲ့ တာဝန်များကရှောင်ကွင်းဖို့ ကြိုးစားနေကြတဲ့အဖြစ်တွေကို နေစဉ်နဲ့အမျှ ကြုံတွေ့ရပါတယ်။ များသောအားဖြင့် စွဲလမ်းတပ်မက်မူများဟာ လူတို့ကို ပျက်စီးစေပါတယ်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက လိုချင်တပ်မက်မူဟာ လူတို့ရဲ့အကြီးမားဆုံးရန်သူဖြစ်တယ်လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘာအတွက်လဲဆိုရင် လိုချင်တပ်မက်မူကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့စေပါတယ်။ ဒါကြောင့် သစ္စာလေးပါးတရားရဲ့ ဒုတိယအချက်ဟာ ခံစားမူရဲ့ အကြောင်းတရား(သမုဒယသစ္စာ) ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခအပေါင်းကိုဖြစ်စေသော အကြောင်းတရားသည် သမုဒယသစ္စာမည်၏။ လိုချင်တပ်မက်မူနဲ့ မပျက်မယွင်း ထိန်းသိမ်းလိုမူတို့ဟာ စိတ်မချမ်းမသာဖြစ်စေခြင်းရဲ့ အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ပစ္စည်းဥစ္စာများအပေါ် စွဲလမ်းတပ်မက်မူကြောင့် သည်ပစ္စည်းဥစ္စာများ ပျောက်ကွယ်သောအခါ စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ တစ်ခုခုအပေါ် အထင်အမြင်သေခြင်း(သို့မဟုတ်) မလိုမုန်းထားခြင်းဟာ စိတ်မချမ်းမြေ့မူနဲ့စရပါတယ်။

မြတ်ဗုဒ္ဓက အရာတစ်ခုခုကို ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)နဲ့ အရယူတဲ့အခါမှာ မိမိရဲ့ကိုယ်ကျင့်သိက္ခာများကို စွှန့်လွှတ်လိုက်ရတဲ့အခါရှိတယ်။ သို့ပေမယ့် သည်အရာဝတ္တုဟာ တစ်ခါတစ်ရံ အဖိုးတန်ချင်မှတန်ပေလိမ့်မယ်လို့ ဆုံးမတော်မူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ဟာ အသိတရားရဲ့တန်ဖိုးကို ကျဆင်းထိခိုက် စေပါတယ်။ ဘာကြောင့်လဲဆိုရင် သည်ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ဟာ ကိုယ်ကျင့်သိက္ခာထက် ပိုင်ဆိုင်မူ၊ မူထက် လူကို အဓိကထား ဦးစားပေးတတ်ကြလို့ပါပဲ။

သစ္စာလေးပါးတရားရဲ့ တတိယအချက်ကတော့ ခံစားမူမှလွတ်မြောက်ရေး(နိရောဓသစ္စာ) ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခအပေါင်း၏ အကြွင်းမရှိ ပြီးစီးချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာမည်၏။ ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ကို ငြိမ်းသတ်နိုင်မှသာ ရရှိကြမှာဖြစ်ပါတယ်။

သည်တရားနဲ့ဆင်ခြင်ကြည့်မယ်ဆိုရင် သေခြင်းတရားကို ကြောက်တတ်တဲ့သဘောဟာ တွယ်တာမူ(သံယောဇဉ်)ကြောင့် ဖြစ်ရပါတယ်။ အကယ်လို့များ လူတစ်ဦးတစ်ယောက်ဟာ သူရဲ့ပိုင်ဆိုင်မူကို မတွယ်တာခဲ့ရင် ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာ သူ့ကို တုန်လှုပ်ချောက်ချားစေမှာမဟုတ်ပါဘူး။ တွယ်တာနေသမျှတော့ ပျောက်ပျက်ဆုံးရှုံးမူရှိရင် ပူဆွေးသောက ရောက်ကြရမှာပါ။ သည်လိုပူဆွေးပြီး ငိုကြွေးနေသမျှ သူ့မှာ ပညာဥာဏ်အလင်း ဆိတ်သုဉ်းနေမှာဖြစ်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့ အလယ်အလတ်လမ်းနဲ့အညီ တက်လှမ်းနိုင်အောင် မဂ္ဂင်ရှစ်ပါးတရားကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ မဂ္ဂင်ရှစ်ပါးတရားတွေကတော့

(၁) သမ္မာဒိဠိ- သစ္စာလေးပါးတရားကို ကောင်းစွာမြင်ခြင်း၊

(၂) သမ္မာသင်္ကပ္ပ- ကောင်းသောအကြံကိုကြံခြင်း၊

(၃) သမ္မာဝါစာ- ကောင်းသောစကားကိုဆိုခြင်း၊

(၄) သမ္မာကမ္မန္တ- ကောင်းသောအမူကိုပြုခြင်း၊

(၅) သမ္မာအာဇီဝ- ကောင်းစွာအသက်မွေးခြင်း၊

(၆)သမ္မာဝါယမ- ကောင်းစွာလုံ့လစိုက်ခြင်း၊

(၇)သမ္မာသတိ- ကောင်းစွာအောက်မေ့ခြင်း၊

(၈)သမ္မာသမာဓိ- ကောင်းစွာသမာဓိထူထောင်ခြင်းတို့ဖြစ်ကြပါတယ်။

မြတ်စွာဘုရားရှင်ဟောကြားသောတရားများကို အခြေခံပြီး ထူးခြားမြင့်မြတ်တဲ့ အဆုံးစွန်တရားလေးပါးကတော့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြပါတယ်။ သို့ပေမယ့် ဗုဒ္ဓ၀ါဒဟာ သမိုင်းနဲ့စာပေရူထောင့်သက်သက်ကကြည့်ပြီး လေ့လာအပ်တဲ့ ဘာသာရပ်မဟုတ်ပါဘူး။ လေ့လာမှတ်သားပြီး နေ့စဉ်ဘ၀မှာ လိုက်နာကျင့်သုံးကြဖို့ ဖြစ်ပါတယ်။ သည်လိုလက်တွေ့မကျင့်သုံးပဲနဲ့တော့ အမှန်တရားကိုသိရှိသဘောပေါက်ကြမှာမဟုတ်ပါဘူး။

ဒါကြောင့် ဗုဒ္ဓတရားတော်များကို လေ့လာမှတ်သားကြ၊ ကျင့်ကြံအားထုတ်ကြ၊ လက်တွေ့အကောင်အထည်ဖော်ကြဖို့လိုပါတယ်။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းဟာ ရည်မှန်းချက် ပန်းတိုင်ပဲ မဟုတ်ပါလား။ ဗုဒ္ဓရဲ့အဆုံးအမနဲ့ လမ်းညွှန်တရားများဟာ ယခုအချိန်ထက်ပိုပြီး လိုအပ်တာမရှိတော့ပါဘူး။ ပညာဥာဏ်အလင်းရမှလည်း ရွှင်လန်းချမ်းမြေ့မူ ရကြမှာဖြစ်သလို ထွက်ပေါ်လာမဲ့ ရလဒ်ဟာလည်း လူတိုင်းရဲ့အဓိကဆန္ဒ၊ မှန်ကန်တဲ့သဘာဝဖြစ်ကြောင်းပါ။

ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ

ကိုညီ

မှတ်ချက်။ ဆရာတော်အရှင်သေဠိလ၏ ဗုဒ္ဓတရားအဆီအနှစ်များစာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။