ဥပုသ်နေ့များနှိုးဆော်ချက်

http://sphotos-a.xx.fbcdn.net/hphotos-prn1/545897_144341149043503_1624030399_n.jpg

Monday, May 16, 2011

ဝိသာခါ(ကဆုန်လ)ပွဲတော်

ဗုဒ္ဓဘာသာဝင်များရဲ့ ပွဲတော်များအနက် ၀ိသာခါပွဲတော်ဟာ အထွတ်ဆုံး၊ အမြတ်ဆုံးဖြစ်ပါတယ်။ ၀ိသာခါဆိုတာ အိန္ဒိယရဲ့လ၊ တစ်နည်းအားဖြင့် မေလ၊ မြန်မာလိုလအနေဖြင့် ကဆုန်လဖြစ်ပါတယ်။ ကဆုန်လပြည့်နေမှာပဲ မြတ်စွာဘုရားရှင်ဟာ ဖွားမြင်တော်မူ၊ သဗ္ဗညုတရွှေဥာဏ်တော်ရပြီး ဘုရားအဖြစ်ရောက်တော်မူ၊ ပရိနိဗ္ဗာန်စံဝင်တော် မူခဲ့တာဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ကိုယ်ကျိုးမငဲ့၊ အများအကျိုးကို ထမ်းရွက်ခဲ့တဲ့ဘ၀ဟာ အလွန်တရာ မှတ်သားထိုက်ပါတယ်။ ခရစ်တော်မပေါ်မီ (၆၂၃) ၀ိသာခါ(ကဆုန်လ)ရဲ့ လပြည့်နေ့မှာ လုမ္ဗနီအင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ ခမည်းတော်ဖြစ်သူဟာ ကပိလ၀တ်ပြည်ရဲ့ ဘုရင်သုဒ္ဓေါဓနမင်းကြီးဖြစ်ပြီး မယ်တော်ကတော့ မိဖုရားခေါင်ကြီး မယ်တော်မာယာ ဖြစ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူချိန်မှာ အတိတ်ကြီး နိမိတ်ကြီးဖြစ်ပေါ်လာပြီး မျက်မမြင်များ အလင်းရခြင်း၊ နားပင်းသူများ အသံကြားရခြင်း၊ ဆွံ့အသူများ စကားပြောနိုင်ခြင်း၊ ကွေးကောက်သူများ ပြန်ကောင်းခြင်း၊ ခြေမသန်သူများသန်မာစွာလျှောက်လမ်းနိုင်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ဘုရင်ကြီးဟာ ပညာရှိအသိတရသေ့ကြီးကို ဘုရားအလောင်းတော်ရဲ့ လက္ခဏာကိုဖတ်ခိုင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ အသိတ ရသေ့ကြီးဟာ သားတော်ကိုတွေ့မြင်တာနဲ့ တစ်ပြိုင်နက် ဦးစွာရွှင်ကြည်တဲ့နှလုံးနဲ့ ပြုံးပြီးနောက် မချိတဲ့နှလုံးနဲ့ ငိုကြွေးပြန်ပါတယ်။ ထိုသဘောကို ဘုရင်ကြီးက မေးမြန်းသောအခါ ရသေ့ကြီးက နိမိတ်လက္ခဏာတော်တွေအရ သားတော်ဟာ ဧကန်စင်စစ်ဘုရားဖြစ်ပြီး လောကကြီးရဲ့ဝဋ်ဒုက္ခအပေါင်းကို လွတ်မြောက်စေမှာပဲလို့ မြင်ရလို့ ရွှင်ပြတဲ့နှလုံးနှင့်ပြုံးမိခြင်းဖြစ်ကြောင်း၊ သိုပေမယ့် သည်ပျော်ရွင်ကြည်နူးဖွယ် ရာများကို ကြုံဆုံခွင့်မရတော့ပဲ မိမိဘ၀နိဂုံးချုပ်ရမည်အကြောင်းကို ဆင်ခြင်မိတဲ့အတွက် မျက်ရည်ကျငိုကြွေးမိကြောင်းရှင်းပြ လေတယ်။

ရသေ့ကြီးက သားတော်သည် နိမိတ်ကြီးလေးပါးဖြစ်သော သူအို၊ သူနာ၊ သူသေ၊ ရဟန်းကိုမြင်၍ လောကကြီးကို စွန့်ခွာမည်ဖြစ်ကြောင်း ဘုရင်ကြီးအား ပြောကြားပေသည်။ ဘုရင်ကြီးသည် သားတော်အား ဘုရားအဖြစ်သို့ မရောက်စေလို။ လေးကျွန်းလုံးကိုပိုင်သော စကြာမင်းကြီးအဖြစ်ကိုသာ တွေ့မြင်လိုပြီး သားတော်အပါးတွင် နိမိတ်လေးပါး မကပ်နိုင်စေရန် အရပ်လေးမျက်နှာ တစ်မိုင်ခန့်စီအကွာ၌ အစောင့်များချထားလေသည်။ သိုပေမယ့် အသက် (၂၉) နှစ်ရောက်တော်မူသောအခါ အမှန်တရားလင်းရောင်ခြည်ဟာ သမ်းလို့လာပါတယ်။ ဘုရားအလောင်းတော်ဟာ နိမိတ်ကြီးလေးပါးအား တွေ့မြင်ပြီး လူတို့သည် အဘယ်မည်သော အရပ်ကလာ၍ ဘယ်အရေးကြောင့်အသက်ရှင်နေရပြီး။ အဘယ်မည်သော အရပ်ဆီသို့ သွားကြရကုန်သနည်းဆိုတဲ့ မေခွန်းကြီးသုံးရပ်နဲ့ အဖြေကိုရှာဖို့ သူ့ဘ၀ကိုနစ်မြုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လူတို့သည် အဘယ်ကြောင့် အိုကြသနည်းဆိုတဲ့မေးခွန်းကို မေးပေမယ့်ဘယ်သူမှ မဖြေကြားနိုင်ပါဘူး။

နောက်ဆုံး စတုတ္ထမြောက်နိမိတ်ကြီးဖြစ်တဲ့ ရဟန်းတော်ကို တွေ့မြင်ရတဲ့အခါ ရဟန်းတော်ရဲ့ကြည်လင်အေးချမ်းတဲ့ မျက်နှာတော်ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးတို့မှ လွတ်ကင်း စေမည့်သဘောကို ဖွင့်ပြသလို အလောင်းတော်မင်းသား ခံစားလိုက်ရပါတယ်။ ရဟန်းတော်ရဲ့သွင်ပြင်ကြောင့် စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မူဟာ ငြိမ်းချမ်းမူနဲ့ နားလည်မူ(ကိုယ်ချင်းစာမူ) တရားတို့အပေါ်မှာ မူတည်တယ်ဆိုတာ မြင်ယောင်လာပါတော့တယ်။

ဘုရားအလောင်းတော် သက်တော်(၂၉)နှစ်အရွယ်မှာ နန်းစည်းစိမ်၊ ဇနီး၊ သားအပါအ၀င်လောကီစည်းစိမ်အားလုံးကို စွှန့်လွှတ်ပြီး တစ်ဦးတစ်ယောက်တည်း အိန္ဒိယပြည်ရဲ့တောတောင် များအတွင်းမှာ အမှန်တရားကိုရှာဖွေဖို့ထွက်လာ ပါတော့တယ်။ ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယ (၆)နှစ်ပတ်လုံးကျင့်ကြံပြီး ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ပြင်းထန်စွာ ကျင့်ကြံအားထုတ်မူကြောင့် နာကျင်ကိုက်ခဲခြင်းနဲ့ အစာအာဟာရ ချို့တဲ့မူဒဏ်များခံစားရပြီး၊ နောက်ဆုံးစိတ်မကောင်းဖြစ်ရပါတော့တယ်။ ခုလို ဒုက္ကရစရိယာကို ကျင့်ခြင်းအားဖြင့် အကျိုးမပြီးကြောင်း သဘောပေါက်လာပါတော့တယ်။ သည်အခါမှာ အတူပါလာသော တပည့်သာဝကများက အစာ အာဟာရများကို အပြစ်ရှိသူနဲ့မခြား စားနေပါပြီ ဆိုပြီး သူ့အပါးက ရှောင်ခွာသွားကြပါတယ်။

တပည့်သာဝကများက စွန့်ခွာကြ၊ ရှေ့အလားအလာကလည်း မရေရာတဲ့ အခြေအနေမှာရှိနေပါတယ်။ ဘုရားအလောင်းတော်ဟာ အကိုင်းအခက်များဖြန့်ကျက်နေတဲ့ ဗောဓိပင်ရင်းမှာ ငါသည် တရားမတွေ့သမျှ ဤနေရာက မထတော့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထိုင်လိုက်ပါတယ်။ အဲဒီနေ့မှာပဲ ဘုရားအလောင်းတော်ဟာ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ ၀ိသာခါ(ကဆုန်လ)ရဲ့လပြည့်နေ့ သက်တော် (၃၅)နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။

မြတ်စွာဘုရားရှင်ဟာ (၄၅)နှစ်တာကာလပတ်လုံး လှည့်လည်ပြီး သတ္တ၀ါအပေါင်းကို ဆင်းရဲခြင်းလွတ်မြောက်အောင် ဟောပြောခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အလယ်အလတ် လမ်းစဉ်ဖြစ်တဲ့ ဟောကြားချက်များကို ဓမ္မလို့ ခေါ်တွင်စေခဲ့ပါတယ်။ စိတ်အလိုလိုက်ခြင်းနှင့် ကိုယ်ကိုညှဉ်းပန်းခြင်းဆိုတဲ့ အစွန်းနှစ်ပါးကိုရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ဟောကြားခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်နဲ့မခြား ယနေ့တိုင်အောင် ကောင်းမွန်မှန်ကန်လျှက် တည်ရှိနေပါတယ်။ မြတ်စွာဘုရားရှင်ဟာ သက်တော်(၈၀)အရောက် ၀ိသာခါ(ကဆုန်လ)ရဲ့ လပြည့်နေမှာပဲ ပရိနိဗ္ဗာန်စံဝင်တော်မူပါတယ်။

သည်သုံးရက်သော နေ့ထူးနေ့မြတ်ကြီးကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ၀ိသာခါ(ကဆုန်လ)ပွဲတော်ကို ကျင်းပခြင်းဖြစ်ပါတယ်။

လောကရဲ့ဆင်းရဲဒုက္ခအပေါင်းဟာ အသိဥာဏ်ကင်းမဲ့မူကြောင့်ဖြစ်ရတယ်။ အမှန်တရားကို ကိုယ်တိုင်သိမြင်မှလည်း ပညာဥာဏ်ကင်းမဲ့မူကို တိုက်ဖိုက်နိုင်မယ်ဆိုတာ ဗုဒ္ဓ၀ါဒရဲ့အခြေခံ ဖြစ်ပါတယ်။ အကုသိုလ်နှင့်မတရားမူများဟာ ပညာဥာဏ်ကင်းမဲ့မူက ပေါက်ဖွားလာတယ်လို့ ရှင်တော်ဘုရားက အမြဲပဲဆုံးမဟောကြားတော်မူပါတယ်။ အကယ်၍သာ လူသားများအနေနဲ့ အရာရာကို ကြည်လင်စွာမြင်ကြမယ်ဆိုရင် လူတိုင်းအမှန်တရားကို လုပ်မိကြမှာပါ။ ဒါကြောင့်လူတိုင်းကောင်းမွန်ဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားနဲ့ ပြည့်စုံစွာနေနိုင်ကြရအောင်ဆိုရင် အမှန်တရားမြင်ရေးဟာ ချွင်းခြက်မရှိ လိုအပ်ပါတယ်။

လူများဟာ ပညာဥာဏ်မဲ့တဲ့အခါ အကုသိုလ်များနဲ့ လောကရဲ့ ၀မ်းနည်းဖွယ်ရာများကို ကျူးလွန်ခံစားကြရပါတယ်။ ဒါကြောင့် သစ္စာလေးပါးတရားရဲ့ ပထမအချက်ဟာ ခံစားရမူ (ဒုက္ခသစ္စာ)ဖြစ်ပါတယ်။ ခန္ဓာငါးပါး၏ခံစားမူ၊ စံစားမူမှန်သမျှသည် ဒုက္ခသစ္စာမည်ပါတယ်။

လူတို့ဟာ မိမိမရနိုင်တဲ့အရာကို လိုချင်တပ်မက်နေကြတဲ့အဖြစ်တွေ၊ မိမိထမ်းရွက်ရမဲ့ တာဝန်များကရှောင်ကွင်းဖို့ ကြိုးစားနေကြတဲ့အဖြစ်တွေကို နေစဉ်နဲ့အမျှ ကြုံတွေ့ရပါတယ်။ များသောအားဖြင့် စွဲလမ်းတပ်မက်မူများဟာ လူတို့ကို ပျက်စီးစေပါတယ်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက လိုချင်တပ်မက်မူဟာ လူတို့ရဲ့အကြီးမားဆုံးရန်သူဖြစ်တယ်လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘာအတွက်လဲဆိုရင် လိုချင်တပ်မက်မူကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့စေပါတယ်။ ဒါကြောင့် သစ္စာလေးပါးတရားရဲ့ ဒုတိယအချက်ဟာ ခံစားမူရဲ့ အကြောင်းတရား(သမုဒယသစ္စာ) ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခအပေါင်းကိုဖြစ်စေသော အကြောင်းတရားသည် သမုဒယသစ္စာမည်၏။ လိုချင်တပ်မက်မူနဲ့ မပျက်မယွင်း ထိန်းသိမ်းလိုမူတို့ဟာ စိတ်မချမ်းမသာဖြစ်စေခြင်းရဲ့ အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ပစ္စည်းဥစ္စာများအပေါ် စွဲလမ်းတပ်မက်မူကြောင့် သည်ပစ္စည်းဥစ္စာများ ပျောက်ကွယ်သောအခါ စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ တစ်ခုခုအပေါ် အထင်အမြင်သေခြင်း(သို့မဟုတ်) မလိုမုန်းထားခြင်းဟာ စိတ်မချမ်းမြေ့မူနဲ့စရပါတယ်။

မြတ်ဗုဒ္ဓက အရာတစ်ခုခုကို ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)နဲ့ အရယူတဲ့အခါမှာ မိမိရဲ့ကိုယ်ကျင့်သိက္ခာများကို စွှန့်လွှတ်လိုက်ရတဲ့အခါရှိတယ်။ သို့ပေမယ့် သည်အရာဝတ္တုဟာ တစ်ခါတစ်ရံ အဖိုးတန်ချင်မှတန်ပေလိမ့်မယ်လို့ ဆုံးမတော်မူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ဟာ အသိတရားရဲ့တန်ဖိုးကို ကျဆင်းထိခိုက် စေပါတယ်။ ဘာကြောင့်လဲဆိုရင် သည်ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ဟာ ကိုယ်ကျင့်သိက္ခာထက် ပိုင်ဆိုင်မူ၊ မူထက် လူကို အဓိကထား ဦးစားပေးတတ်ကြလို့ပါပဲ။

သစ္စာလေးပါးတရားရဲ့ တတိယအချက်ကတော့ ခံစားမူမှလွတ်မြောက်ရေး(နိရောဓသစ္စာ) ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခအပေါင်း၏ အကြွင်းမရှိ ပြီးစီးချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာမည်၏။ ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ကို ငြိမ်းသတ်နိုင်မှသာ ရရှိကြမှာဖြစ်ပါတယ်။

သည်တရားနဲ့ဆင်ခြင်ကြည့်မယ်ဆိုရင် သေခြင်းတရားကို ကြောက်တတ်တဲ့သဘောဟာ တွယ်တာမူ(သံယောဇဉ်)ကြောင့် ဖြစ်ရပါတယ်။ အကယ်လို့များ လူတစ်ဦးတစ်ယောက်ဟာ သူရဲ့ပိုင်ဆိုင်မူကို မတွယ်တာခဲ့ရင် ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာ သူ့ကို တုန်လှုပ်ချောက်ချားစေမှာမဟုတ်ပါဘူး။ တွယ်တာနေသမျှတော့ ပျောက်ပျက်ဆုံးရှုံးမူရှိရင် ပူဆွေးသောက ရောက်ကြရမှာပါ။ သည်လိုပူဆွေးပြီး ငိုကြွေးနေသမျှ သူ့မှာ ပညာဥာဏ်အလင်း ဆိတ်သုဉ်းနေမှာဖြစ်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့ အလယ်အလတ်လမ်းနဲ့အညီ တက်လှမ်းနိုင်အောင် မဂ္ဂင်ရှစ်ပါးတရားကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ မဂ္ဂင်ရှစ်ပါးတရားတွေကတော့

(၁) သမ္မာဒိဠိ- သစ္စာလေးပါးတရားကို ကောင်းစွာမြင်ခြင်း၊

(၂) သမ္မာသင်္ကပ္ပ- ကောင်းသောအကြံကိုကြံခြင်း၊

(၃) သမ္မာဝါစာ- ကောင်းသောစကားကိုဆိုခြင်း၊

(၄) သမ္မာကမ္မန္တ- ကောင်းသောအမူကိုပြုခြင်း၊

(၅) သမ္မာအာဇီဝ- ကောင်းစွာအသက်မွေးခြင်း၊

(၆)သမ္မာဝါယမ- ကောင်းစွာလုံ့လစိုက်ခြင်း၊

(၇)သမ္မာသတိ- ကောင်းစွာအောက်မေ့ခြင်း၊

(၈)သမ္မာသမာဓိ- ကောင်းစွာသမာဓိထူထောင်ခြင်းတို့ဖြစ်ကြပါတယ်။

မြတ်စွာဘုရားရှင်ဟောကြားသောတရားများကို အခြေခံပြီး ထူးခြားမြင့်မြတ်တဲ့ အဆုံးစွန်တရားလေးပါးကတော့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြပါတယ်။ သို့ပေမယ့် ဗုဒ္ဓ၀ါဒဟာ သမိုင်းနဲ့စာပေရူထောင့်သက်သက်ကကြည့်ပြီး လေ့လာအပ်တဲ့ ဘာသာရပ်မဟုတ်ပါဘူး။ လေ့လာမှတ်သားပြီး နေ့စဉ်ဘ၀မှာ လိုက်နာကျင့်သုံးကြဖို့ ဖြစ်ပါတယ်။ သည်လိုလက်တွေ့မကျင့်သုံးပဲနဲ့တော့ အမှန်တရားကိုသိရှိသဘောပေါက်ကြမှာမဟုတ်ပါဘူး။

ဒါကြောင့် ဗုဒ္ဓတရားတော်များကို လေ့လာမှတ်သားကြ၊ ကျင့်ကြံအားထုတ်ကြ၊ လက်တွေ့အကောင်အထည်ဖော်ကြဖို့လိုပါတယ်။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းဟာ ရည်မှန်းချက် ပန်းတိုင်ပဲ မဟုတ်ပါလား။ ဗုဒ္ဓရဲ့အဆုံးအမနဲ့ လမ်းညွှန်တရားများဟာ ယခုအချိန်ထက်ပိုပြီး လိုအပ်တာမရှိတော့ပါဘူး။ ပညာဥာဏ်အလင်းရမှလည်း ရွှင်လန်းချမ်းမြေ့မူ ရကြမှာဖြစ်သလို ထွက်ပေါ်လာမဲ့ ရလဒ်ဟာလည်း လူတိုင်းရဲ့အဓိကဆန္ဒ၊ မှန်ကန်တဲ့သဘာဝဖြစ်ကြောင်းပါ။

ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ

ကိုညီ

မှတ်ချက်။ ဆရာတော်အရှင်သေဠိလ၏ ဗုဒ္ဓတရားအဆီအနှစ်များစာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။

No comments:

Post a Comment

မင်္ဂလာပါ...ဓမ္မပူဇာ မိသားစု မှ ကြိုဆိုပါတယ်...